|
|
|
ဆူနာမီရေလှိုင်းအလွန် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ
စာရေးသူ - အောင်ကျော်စိုး
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ဆိုလိုက်ရင် ကမ္ဘာတ၀န်းက လူတွေက ဒါဟာ
အန်ဒမန်ပင်လယ်ပြင် ဆူနာမီရေလှိုင်းဖြစ်တဲ့နေ့ကို ဆိုလိုတာကို နားလည်လိုက်ကြမှာ ဖြစ်ပါတယ်။ ဆူနာမီဖြစ်တဲ့ရက်ကို အတိအကျ မသိရင်တောင်မှ တော်တော်ကြောက်ဖို့ ကောင်းတဲ့ သဘာဝဘေးအန္တရာယ်တခုလို့ လူတွေက နားလည်ထားကြမှာပါ။
ဆူနာမီရေလှိုင်းဒဏ်ကို အိန္ဒိယ၊ မော်ဒိုက်ကျွန်းစု၊ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံနှင့် သီရိ လင်္ကာနိုင်ငံတို့ အကြီးအကျယ်ခံ လိုက်ရပါတယ်။ ဆူနာမီရေလှိုင်းဒဏ်ကြောင့် လူပေါင်း ၃ သိန်းနီးပါးသေဆုံးခဲ့ရသလို သန်းနဲ့ချီတဲ့ လူတွေ အိုးမဲ့အိမ်မဲ့၊ အလုပ်အကိုင်မဲ့ ဖြစ်ခဲ့ရပါ တယ်။ ထိုင်းနိုင်ငံမှာလည်း ဆူနာမီရေလှိုင်းကြောင့် လူပေါင်း ၅၀၀၀ ကျော်သေဆုံးခဲ့ရသလို လူပေါင်း ၄,၀၀၀ ကျော် ပျောက်ဆုံးခဲ့ရပါတယ်။
ဆူနာမီရေလှိုင်းဖြစ်ပြီး (၂) နှစ်ကျော် အကြာမှာတော့ ဆူနာမီမှာ ကိုယ်တိုင်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို မေးမြန်းပြီး စာအုပ်အဖြစ် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်းလုပ် ငန်းကော်မတီကနေ ထုတ်ဝေလိုက်ပါတယ်။ စာအုပ်ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ကျူလာလောင်ကွန်းတက္ကသိုလ် လန်ဖိုင်းဖာနီ အစည်းအဝေးခမ်းမမှာ အခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ဆူနာမီဖြစ်တဲ့ အချိန် တုန်းက ဖူကက်နဲ့ ဖန်းငါးဒေသမှာ တာဝန်ကျခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိ၊ ဆူနာမီမှာ သေဆုံးသွားသူတွေရဲ့ အလောင်းကို ထိန်းသိမ်း စစ်ဆေး အတည်ပြုပေးသည့်ဌာနမှ တာ
ဝန်ရှိသူ၊ ကျူလာလောင်ကွန်းတက္ကသိုလ် အရှေ့တောင်အာရှသုတေသန လေ့လာရေးဌာန က ပညာရှင်များနဲ့ မြန်မာပြည်အရေးစိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ပါတယ်။
ဆူနာမီဖြစ် ခါစ အချိန်က မြန်မာနိုင်ငံသား ၂၅၀၀ လောက်ထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှု တွေ ရှိနေပါတယ်။ အခုထိ မြန်မာနိုင်ငံသားအလောင်းဆိုပြီး သေသေချာချာ ပြောဆိုနိုင်တဲ့ အလောင်း ၁၅၉ လောင်းပဲရှိပါသေးတယ်။ ပျောက်ဆုံးတယ်လို့ လာရောက်တိုင်ကြားသူက တော့ ၃၃၈ ဦး ရှိပါတယ်။
ဆူနာမီသင်္ချိုင်းလို့ လူသိများတဲ့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကိုထားရှိ စစ်ဆေးတဲ့ မျိုးရိုးဗီဇ DNA စစ်ဆေးရေး ဌာနမှာ လက်ရှိ မစစ်ဆေးရတဲ့ အလောင်းက ၄၀၀ နီးပါး လောက်ပဲ ကျန်ပါတော့တယ်။ အဲဒီတော့ ဒီဆူနာမီမှာ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသားက ၁၀၀၀ ထိတော့ ရှိမယ် မထင်ပါဘူး။
ဒီသုတေသနစာအုပ်ကိုလည်း မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးထိုင်းလုပ်ငန်းကော်မတီက တနှစ်အချိန်ယူပြီး လက်တွေ့ကွင်းဆင်းပြီး ပြုစုထားတာ ပါ။ သုတေသနမှူးကတော့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ကိုမိုးဆွေဖြစ်ပြီး
လက်ထောက်သုတေသနမှူကတော့ မငြိမ်းငြိမ်းသွယ် ဖြစ်ပါတယ်။
ဆူနာမီမှာ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ လူ ၁၂၃ ဦးကို မေးမြန်းထားပါတယ်။ စာအုပ်ကို ဖတ် ကြည့်ရင်တော့ မေးမြန်းထားသူရဲ့ မေးခွန်းတွေကနေ မြန်မာနိုင်ငံရဲ့စီးပွားရေး လူမှုရေး နောက်ခံအကြောင်း တသီတတန်းကြီးကို
ဖတ်ရှုရမှာ၊ သိမြင်ရမှာ ဖြစ်ပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံထဲကို ၀င်လာရတဲ့အခက်အခဲတွေ၊ အလုပ်လုပ်ကိုင်ရတဲ့ အခက်အခဲတွေ၊ လုံခြုံ ရေးစတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတို့ လက်တွေ့ခံစားနေရသည့် အခက်အခဲတွေ ကိုလည်း ဖတ်ရှုရဦးမှာပါ။
စာအုပ်ဖြစ်မြောက်ရေးအတွက် ဆူနာမီဘေးဒဏ်ခံရတဲ့ဒေသတွေကို တနှစ်နီးပါးကွင်းဆင်း သုတေသနပြုခဲ့တဲ့
မငြိမ်းငြိမ်းသွယ် ကတော့ အဲဒီဒေသက မြန်မာအလုပ်သမားတွေ ဆူနာမီ ဖြစ်ပြီးကတည်းက အလုပ်အကိုင် အတည်တကျ မရှိတာတို့၊ အလုပ်ရှာမရတာတို့က အခု
ချိန်ထိ ရှိနေသေးတယ်လို့ ပြောပါတယ်။
ဆူနာမီဖြစ်ပွားတဲ့ အချိန်မှာ ရေလှိုင်းတက်လာတာ ကို ထိုင်းစကားနဲ့ပြောပြီး ပြေးဖို့ပြောတာကို နားမလည်တဲ့အတွက် အသက်သေဆုံးသွားရ သူ မြန်မာနိုင်ငံကနေ ရောက်လာကာစ အမျိုးသမီးငယ်လေးအကြောင်း၊ ရေလှိုင်းတက်လာ လို့ လူတွေပြေးလာတာကို ရဲလာတယ်ထင်ပြီး မပြေးမိဘဲ သေဆုံးသွားတဲ့သူတွေ အ ကြောင်းကိုလည်း ဖတ်ရှုရမှာဖြစ်တဲ့ အတွက် မြန်မာနိုင်ငံအရေး စိတ်ဝင်စားသူတွေနဲ့ ထိုင်း နိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီဥက္ကဌဖြစ်သူ ခွန်လတ်ဒါဝမ်တန်တိဝိ ထရားဖိထတ် ကလည်း စာအုပ်မှာအမှာ စာရေးပေးထားပါတယ်။ “လူ့အခွင့်အရေးဆိုတာကို မိခင်နိုင်ငံမှာလည်း ခံစားခွင့်၊ သိခွင့်၊ ကျင့်သုံးခွင့် မရခဲ့တဲ့ သူတွေဖြစ်တဲ့ မြန်မာအလုပ်သ မားများဟာ အိမ်နီးချင်း ထိုင်းနိုင်ငံလို ဗုဒ္ဓဘာသာ နိုင်ငံမှာ အားကိုးတကြီးနဲ့ လာရောက် ခိုကိုး ရှာဖွေစားသောက်နေကြသူတွေဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ ထိုင်းနိုင်ငံမှာ သူတို့တတွေဟာ “တရားမ၀င် အလုပ်သမား” ဆိုတဲ့ဆိုင်းဘုတ်အောက်မှာ လူ့အခွင့်အရေး အပြင် အလုပ်သမားအခွင့်အရေးတွေလဲ ထပ်မံဆုံးရှုံးရပြန်ပါတယ်။ လူ့ဂုဏ်သိက္ခာကို အလွယ်တကူ ရိုက်ချိုးခံရတဲ့ ယခုလို အဖြစ်အပျက်မျိုးကို ထိုင်းနိုင်ငံလို လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာကို အာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခိုင်အမာရှိတဲ့ နိုင်ငံမှာ ဖြစ်ပျက်ခဲ့ ခြင်းကြောင့် ယဉ်ကျေးပါတယ်ဆိုတဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွက် အလွန်အရှက်ရစေခဲ့ ပါတယ်” လို့ စာအုပ်မှာ ဖေါ်ပြထားပါတယ်။
ဒီလိုအဖြစ်အပျက်မျှိုးက ကြုံတောင့်ကြုံခဲ အဖြစ်အပျက်တခုဖြစ်တဲ့အတွက် သမိုင်းမှတ် တမ်းတခုအနေနဲ့ ရည်ရွယ်ပြီး ထုတ်ဝေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်းကော်မတီက လက်ထောက်ညွှန်ကြားရေးမှူဖြစ်သူ ကိုမြင့်ဝေက ဆိုပါတယ်။
“ကျနော်တို့ နိုင်ငံသားတွေဟာ စစ်အာဏာရှင်စနစ်ရဲ့လက်အောက်မှာ နေ့စဉ်နဲ့အမျှ မှတ် တမ်းမဲ့သေဆုံးနေရသလို ထိုင်းနိုင်ငံမှာလည်း တရားဝင် နေထိုင်တာ မဟုတ်တဲ့အတွက် ပိုင်ရှင်မဲ့အဖြစ် သေဆုံးနေကြရတယ်။ ဆူနာမီမှာ သေဆုံးသွားတဲ့ အတွက် မျိုးရိုးဗီဇ စစ် ဆေးပြီးလို့ အလောင်းသင်္ဂြိဟ် ပြီးသူတွေနဲ့ ပျောက်ဆုံးနေဆဲ မြန်မာနိုင်ငံသား တဦးချင်း ဟာ ထူးခြားတဲ့ အဖြစ် ဆိုးကြီးကြောင့် သူတို့ဟာ မှတ်တမ်းတခုနဲ့တော့ ထိုက်တန်ပါတယ်။” လို့ ပြောပါတယ်။
စီးပွားရေး အခက်အခဲဖြစ်လို့ အမိမြေထက် ၀င်ငွေအလုပ်အကိုင် ပိုကောင်းတဲ့ နိုင်ငံကို သွားရောက်အလုပ် လုပ်တာကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆန်းကြယ်တဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။
ဆူနာမီဖြစ်တဲ့ အချိန်မှာဘဲ သေဆုံးသွားသူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူတယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံသား အလုပ်သမားတချို့ကို သူခိုးအဖြစ် စွပ်စွဲဖမ်းဆီးခဲ့တဲ့ အကြောင်းကို ထိုင်းရုပ်မြင်သံကြားတွေ၊ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် ဖေါ်ပြခဲ့ပါတယ်။ ဒီသတင်းဟာ ဆူနာမီရေလှိုင်း ကြီးရဲ့ ဒဏ်သင့်ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာ ထူးခြားတဲ့ သတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေက ထိုင်းလူမျိုးတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူတယ်ဆိုတဲ့ သတင်း ထွက်ပြီးနောက်မှာ ဖန်းငါးခရိုင်တွင်းမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ချင်တဲ့သူတွေကို နယ်စပ်ဖြစ်တဲ့ ကော့သောင်းကို ပြန်ပို့လိုက်ပါတယ်။
ဖန်းငါးဒေသနဲ့ ဖူးကက်ကို ဆူနာမီဖြစ် တဲ့အချိန်က တာဝန်ယူထားတဲ့ လူဝင်မှုကြီးကြပ်အရာရှိ တဦးဖြစ်သူ ရဲချုပ်ဖြစ်သူ ၀ိထ၀န် ဖတ်ထုတ်ဆုန်ဖုန်းက “ဆူနာမီဖြစ်ပြီးတဲ့နောက်တရက်မှာ ဖန်းငါးက လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးက ကျနော့်ဆီကို အစီရင်ခံလာတယ်၊ ဒေသမှာရှိတဲ့ မြန်မာအလုပ်သမားတွေက သူတို့ကို ပြန်ပို့ပေးဖို့ပြောတယ်၊ သူတို့ရဲ့အလုပ်ရှင်တွေ၊ လုပ်ငန်းတွေကလည်း ရေထဲမှာ မြုပ်သွားပြီ၊ သူတို့ဘာဆက်လုပ်ရမယ်ဆိုတာကိုလည်း မသိဘူး၊ ထိုင်းလူမျိုးတွေကိုယ်တိုင် လည်း ဆူနာမီဖြစ်တဲ့ အချိန်မှာ အဲဒီဒေသမှာ မနေချင်ကြဘူး၊ ကျနော်ကိုယ်တိုင်လည်း အန္တရာယ်ရှိတဲ့ဒေသမှာ နိုင်ငံခြားသားအလုပ်သမားတွေမနေခြင်ဘူး ဆိုတာကို နားလည် ပါတယ်၊ အဲဒါနဲ့ ပြန်ပို့ဖို့အတွက် ကားတွေကို စီစဉ်တယ်၊ ပြန်ပို့တဲ့နေရာမှာ သူတို့ရဲ့လုံခြုံရေး ကိုလည်း ထည့်သွင်းပြီးတော့ စဉ်းစားရပါသေးတယ်၊ ပြီးတော့ ရနောင်းဘက်ကို ပို့လိုက် တယ်၊ ရနောင်း အလုပ်သမားဝန်ကြီးဌာနကလည်း တကယ်လို့ အလုပ်သမားတွေအနေနဲ့ ရနောင်းမှာနေပြီး ဆက်လက် အလုပ်လုပ်လိုတယ်ဆိုရင် ၇ ရက်အတွင်းမှာ အလုပ်ပြောင်း လို့ရတယ်လို့လည်း ပြောလိုက်ပါသေးတယ်၊” လို့ ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးအရာရှိပြောသလို မြန်မာနိုင်ငံသားတွေက ရနောင်းဘက်မှာ အလုပ် ပြောင်းခွင့်ရတယ် မရဘူး ဆိုတာတော့ တိတိကျကျမသိပါဘူး။ နောက်ပြီးအလုပ်သမားတွေ ကိုယ်တိုင်ရော သူတို့မှာ အုလုပ်ပြောင်းလုပ် ချင်ရင် ပြောင်းပိုင်ခွင့် ရှိတယ် မရှိဘူး သိကြရဲ့ လားတော့ မသိပါဘူး။
ဆူနာမီရေလှိုင်းအလွန်စာအုပ်မှာ ဖတ်မိသလောက်ကတော့ အလုပ် သမားလက်မှတ် ပြောင်းပြီးလုပ်တဲ့သူက မရှိသလောက်ပါပဲ။ အဲဒီအချိန်တုန်းက အလုပ်သ မားတွေရဲ့လက်မှတ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေက ရေလှိုင်းနောက်ကို ပါသွားတဲ့ အတွက်ပြန်သွားတဲ့ လူတွေမှာ လက်မှတ်နဲပတ်သက်တဲ့ စာရွက်စာတမ်းတွေပါသွားမဲ့ ပုံစံ မရှိပါဘူး။ ပြန်သွားတဲ့သူတွေက အများစုပြောတာကတော့ သူတို့ဟာ ရနောင်းက ကယ် ဆယ်ရေးစခန်းမှာ တချို့က (၄-၅) ရက်နေရတယ်။ တချို့ကတော့ ကံကောင်းတယ်ပြောရ မယ်။ (၁-၂) ရက်နဲ့ပဲ ကော့သောင်းကို ပြန်ပို့လိုက်ပါတယ်။
ဆူနာမီဖြစ်ပွားတဲ့အချိန်မှာ သက်ဆိုင်ရာ သံရုံးအသီးသီးက သူတို့နိုင်ငံသားတွေကို အကူအညီပေးပေမဲ့ ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ မြန်မာသံရုံးကတော့ မသိကျိုးကျွန်ပြုနေပါ တယ်။ ဒီအပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဖူးကက်မှာ ဆူနာမီ ကယ်ဆယ်ရေးကိစ္စကို အလှူရှင်နိုင်ငံတွေနဲ့ ဆွေးနွေးပြီးတော့ အစည်းအဝေးက အထွက်မှာ သတင်း ထောက်တွေက “ဆူနာမီမှာမြန်မာနိုင်ငံသားတွေ ဘယ်လောက်များသေဆုံးသွား သလဲ” လို့ မေးတဲ့အခါမှာ လက်ကာပြီး “နိုး” ဆိုတဲ့ စကားတလုံးကို ပြောပြီး သတင်း ထောက်တွေကို ရှောင်နေလိုက်ပါတယ်။
ထိုင်းနိုင်ငံလည်း ဆူနာမီမှာ အထိနာခဲ့သလို မြန်မာနိုင်ငံသားတွေလည်း နာမည်တွေ၊ ဘ၀ တွေ ပျက်ခဲ့ပါတယ်။ အကြောင်းတခုကတော့ ကိုယ့်တိုင်းသူပြည်သားကို တာဝန်ယူမှုမရှိတဲ့ အစိုးရကြောင့်ဖြစ်ပြီး၊ တခုကတော့ ဒေသခံ သတင်းစာတွေ၊ ရေဒီယိုအသံလွှင့်ဌာနတွေ၊ ရုပ်မြင်သံကြားဌာနတွေကြောင့် ဖြစ်ပါတယ်။ အခုတော့ ဆူနာမီလည်း ပြီးသွားပြီး။ မြန်မာ နိုင်ငံသားတွေကို ပစ္စည်းခိုးယူပါတယ်လို့ စွတ်စွဲချက်နဲ့ဖမ်းဆီးထားတဲ့ သူတွေကိုလည်း သက်သေအထောက် အထားမခိုင်လုံတဲ့အတွက် လူ (၅) ဦးကတော့ တီအေစီဒီဘီက ရှေ့နေ တွေက ရှေ့နေလိုက်ပေးတဲ့အတွက် သက်သေမခိုင်လုံလို့ အမှုကို ရုပ်သိမ်းလိုက်ပါတယ်။ ကျန်တဲ့ ၉ ယောက်ကတော့ ရှေ့နေတွေ သွားတဲ့အချိန်မှာ မမီတော့ပါဘူး။ သူတို့တော့ ထောင်ကျသွားပါတယ်။
ဆူနာမီပြီးသွားတာ (၂) နှစ်ကျော်သွားပေမဲ့ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသား တွေရဲ့ ဘ၀တွေ ဘယ်လောက်ထိ တိုးတက်ကောင်းမွန်သွားပြီလဲ။ ဆူနာမီမှာ ထိခိုက်ဒဏ်
ရာရသွားတဲ့သူတွေ၊ သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်း၊ မိဘ၊ ညီအစ်ကိုမောင်နှမတွေ၊ ကျန်ရစ်သူ မိသားစုတွေကို ဘယ်လောက်ထိ အကူအညီ ပေးနိုင်သလဲ၊ နောက်ပြီး ဆူနာမီ ဖြစ်ပွားပြီးတဲ့နေရာမှာ အခုလက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရော အလုပ်အကိုင် အဆင်ပြေမှု ရှိသလား ဆိုတာကို သိချင်မှာပါ။
ထိခိုက်ခံစားခဲ့ရသူအားလုံးရဲ့ အဖြစ်အပျက်တွေ မဟုတ်ပေမဲ့ ဒီစာအုပ်မှာပါဝင်တဲ့ အချို့သော အဖြစ်အပျက်တွေကို ဖတ်
ရှုခြင်းအားဖြင့် ဘယ်လောက် အကူအညီရတယ်၊ ဘယ်လောက်အထိ အလုပ်အကိုင်အဆင် ပြေတယ်ဆိုတာကို စာဖတ်သူတို့ ခန့်မှန်းမိနိုင်မှာ ဖြစ်ပါတယ်။
စာအုပ်ကို မြန်မာ-အင်္ဂလိပ်-ထိုင်း သုံးဘာသာနဲ့ထုတ်ဝေထားပါတယ်။
ဖတ်ရှုလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ် တောင်းခံနိုင်ကြောင်း သိရပါတယ်။
TACDB
P.O Box 47
Ratchatavee P O
Bangkok 10401
တယ်လီဖုန်း 0-2216-4463, 0-2611-1211 သို့ ရုံးချိန်အတွင်း ဆက်သွယ် တောင်းခံနိုင်ပါ တယ်။
|
|

December 2009 issue March 2010 special issue




|