|
|
|
ငရဲခန်းအလုပ်ရုံမှ ထွက်ပြေးသူကို သတ်သည့် အလုပ်ရှင်ကို ဖမ်းဆီးပြီ
ဂျွန်လ ၁၀ ခေါင်စွတ်သတင်းစာ
မြန်မာနိုင်ငံသား ကရင်အမျိုးသမားတဦးကို နားဖြတ်၊ လက်ဖြတ်၍ သတ်ပြစ်လိုက်သည့် အရိုးအမှုန့်ကြိတ်သည့် စက်ရုံပိုင်ရှင်အား ဂျွန်လ ၉ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ၁၀ ရက်နေ့ ထုတ် ခေါင်စွတ်သတင်းစာတွင် ပါရှိသည်။
ဖြစ်ပွားသည့်နေရာမှာ ဆူဖန်ဘူရီခရိုင်၊ ဆောင်ဖီနောင့်မြို့နယ် ဆီလီိဆန်လန်းအုပ်စု၊ အုပ်စု ၁၀ တွင် ဂျွန်လ ၈ ရက်နေ့က အမည်မသိသူ တဦးကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ဆွဲကြိုးချသေဆုံးသူ၏ နားနှစ်ဘက်နှင့် လက်တချောင်းကိုလည်း ဖြတ်တောက်ထားခြင်းကို ခံထားရပြီး လည်ပင်းတွင်လည်း ဓါးဖြင့်လှီးထားသည့် အရာကို တွေ့ရှိခဲ့သည်ဟု သတင်း တွင် ဖေါ်ပြထားသည်။
အခင်းဖြစ်ပွားသည့် ဂျွန်လ ၈ ရက်နေ့ နေ့လည် ၂ နာရီတွင် ဘန်လီ-ဘန်နောင်ဝန် ပလင် လမ်းလ၊ ဘန်လီဈေးအနီးတွင် စစ်ဆေးရေးဂိတ်တွင် ငရဲခန်းအလုပ်ရုံမှ ထွက်ပြေး လာသူ နိုင်ဆုချိုင်း၊ နိုင်အနု၊ နိုင်ဝါစိုး တို့ (၃) ဦးကို ရဲကဖမ်းဆီးခဲ့သည်။
ဖမ်းဆီး ပြီးနောက် ရဲက စစ်ဆေးရာ ၎င်းတို့ (၃)ဦးမှာ ဆောင်ဖီနောင့်မြို့တယ် ထုန်ခေါက်အုပ်စု၊ အုပ်စု (၁၁) ရှိ မာလိုင်မင်လမ်းဘေး၊ ဘန့်ပါ့ခေါရွာရှိ အရိုးအမှုန့်ကြိတ်သည့် စက်ရုံမှ ထွက်ပြေးလာသည်ဟု ပြောဆိုသည်။
ထို့နောက် ရဲဒု-ဗိုလ်မှူးကြီး ဒီဘက်က သေဆုံးသွားသူ၏ ဓါတ်ပုံကို ပြရာတွင် ၎င်းတို့နှင့် တအုပ်စုတည်းထွက်ပြေးလာသူများဖြစ်သည်ဟု ပြောသည်။
ထို့နောက် (၉) ရက်နေ့ ညနေ ၄ နာရီတွင် တရားရုံး၏ ၀င်ရောက်ရှာဖွေခွင့်အမိန့်ဖြင့် အရိုးအမှုန့် ကြိတ်သည့် စက်ရုံကို ရဲအင်အား ၁၀၀ သုံးပြီးဝင်ရောက်ရှာဖွေရာ မြန်မာ၊ ကမ္ဘောဒီးယား အလုပ်သမား (၅)ဦးနှင့် အလုပ်ရုံပိုင်ရှိင် နိုင်ဆလာဝု အာယုခင် ၂၈ နှစ်ကို ဖမ်းဆီးမိခဲ့သည်။
အလုပ်ရုံပိုင်ရှင် နိုင်ဆလာဝု အာယုခင်၏ အိမ်တွင်းမှ လည်း ၉ မီလီမီတာ သေနတ်တလက် နှင့် ကျည်ဆန်တကဒ် ကျည်အတောင့် ၁၀၀ ကိုသတ်သေအဖြစ် သိမ်းဆည်းမိခဲ့သည်။
ရဲကဖမ်းဆီးရမိသူများအား စစ်ဆေးရာတွင် ကမ္ဘောဒီးယားလူမျိုး(ခမင်) တဦးဖြစ်သူ နိုင်ထောင်က ၎င်းနှင့် နိုင်ဝုန်၊နိုင်သန်းတို့ (၃) ဦးကို အလုပ်ရှင်က အတင်းအကြပ် ခိုင်းစေ သည့်အတွက် သေဆုံးသွားသူအား နှိပ်စက် ရခြင်းဖြစ်သည်ဟု ဖြောင့်ချက်းပေးသည်။ ယင်းသို့ လုပ်ရခြင်းမှာလည်း ကရင်အမျိုးသား ဖြစ်သူ နိုင်ချိုင်းမှာ ပိုက်ဆံခိုး ယူပြီးထွက် ပြေး သွားသည့်အတွက် လုပ်ရခြင်းဖြစသည်ဟု ဆိုပြီး အကယ်၍ ၎င်းတို့က အလုပ်ရှင် စေခိုင်း သည့်အတိုင်း မလုပ်ဆောင်ပါက လစာတွင်းမှ ဘတ် (၂၀၀၀) ကိုဖြတ်တောက် မည်ဟု ပြောဆိုသည့်အတွက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပြောသည်။ ထို့နောက် နိုင်ချိုင်းကို ဖမ်းမိသည့်အခါ ဒုတ်နှင့် မေ့မျောသွားအောင် ရိုက်နှက်ပြီး ကားပေါ်တွင် တင်ကာ ငါးကန်အနီးတွင် ဆွဲကြိုးချသေဆုံးသွားသည့် ပုံစံမျိုးဖြစ်အောင် ပြုလုပ်ခဲ့သည်ဟု ရဲမှူကြီးဆုန်ဖုန်းထံတွင် ၀န်ခံခဲ့သည်။
အလုပ်ရုံပိုင်ရှင် နိုင်ဆလုဝုက စွတ်စွဲချက်များကို ငြင်းဆိုထားပြီး နိုင်ချိုင်းအား ပူးပေါင်း သတ်ဖြတ်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံသား (၃) ဦးကို အကွက်ကျကျသေစေရန် ကြံစည် မှုဖြင့် ဆောင်ဖီနောင့် ရဲစခန်းတွင် အမှုဖွင့်ထားသည်။ တရားခံများက စွဲဆိုထား ချက်များ ကို ငြင်းဆိုထားခြင်း မရှိသေးပါ။ အလုပ်ရှင်ဖြစ်သူ နိုင်ဆလာယုက မည်သို့ပင် ငြင်းဆိုစေကာမူ ယခင်ကလည်း လူသတ်ဖူးသည့်အတွက် လူသတ်မှုဖြင့် တရားစွဲဆိုနိုင်သည်ဟုလည်း သတင်းထောက်များကို ပြောသည်။
ထိုင်းဘာသာစကား အတန်အသင့်ပြောတတ်သူ ကရင်အမျိုးသားတဦးဖြစ်သူ နိုင်ဆုချိုင်း က ၎င်းတို့ (၅) ဦးမှာ လွန်ခဲ့သည့် (၅) ရက်ခန့်က ထိုင်းလူမျိုးလူကယ်ရီ တဦး၏ အကူအညီ ဖြင့် မဲဆောက်မှ လာရောက် အလုပ်လုပ်ကိုင်ခြင်းဖြစ်သည်ဟု ပြောသည်။ အလုပ်ရုံတွင်လည်း နံက်မှ ညနားချိန်မရှိဘဲ အလုပ်လုပ်နေရသည့်အတွက် အားအင်ကုန်ခမ်းသဖြင့် ခိုး၍ အနားယူစဉ် အလုပ်ရှင်တွေ့ရှိသွား၍ ပြင်းပြင်းထန်ထန်ရိုက်နှက်ရာ အတူလာသူ (၁) ဦးသေဆုံးသွားသည်ဟု ပြောသည်။ ထို့ကြောင့် ကျန်သူ (၄) ဦးက (၇) ရက်နေ့ညက အဆိုပါ အလုပ်ရုံမှ ထွက်ပြေးခဲ့ပြီးအလုပ်ရှင်သိသွားသဖြင့် ကမ္ဘောဒီးယားလူမျိုး (ခမင်) ၃ ဦးနှင့် နောက်မှ ပစ်အပ်ကားဖြင့် လိုက်လံဖမ်းဆီးရာ နိုင်ချိုင်းကို ဖမ်းဆီးမိပြီး မိမိတို့မှာလည်း ဘန်လီဈေးအနီး ရဲဂိတ်ရှိ ရဲဒု-ဗိုလ်မှူကြီး ဒီလက်ထံတွင် ၀င်ရောက်၍ အကူအညီတောင်းခံခဲ့ပြီး ၎င်းတို့ အဘယ့်ကြောင့် အလုပ်ရုံမှ ထွက်ပြေးလာခဲ့ရသည့် အကြောင်းများကိုပြောပြသည်ဟု သိရသည်။
|
|



|