|
ထိုင်းနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် နိုင်ငံခြားသားအလုပ်သမားများကို အကာ အကွယ်ပေးရေးတောင်းဆိုချက် ဥပဒေရေးဆွဲရေးကော်မတီက ပယ်ချ
ဂျွန်လ ၁၂ မသီချွန်
ထိုင်းနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ်(၅) တွင် ထိုင်းနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်မှု ပေးထားသည့်အတိုင်း နိုင်ငံခြားသားအလုပ်သမားများကု ကာကွယ်စောင့်ရှောက်မှုပေးရန် အလုပ်သမားများ အရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ NGOs များ၏ အဆိုပြုချက်ကို ဥပဒေ ရေးဆွဲရေးကော်မတီက ပယ်ချလိုက်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် နိုင်ဝိထရားငန်ထ၀ီ က အပိုဒ် (၄-၅) ကို ဖတ်ကြား၍ တင်ပြသည်။ ထို့နောက်အဖွဲ့ဝင်များဖြစ်သည့် နိုင်အလောလတ်လတ်နကျန်၊ နိုင်ဆ၀န် သန်အုတ် တို့က ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် နိုင်ငံခြားသားအလုပ်သမားများအား အခြေခံ ဥပဒေတွင် အကာအကွယ်ပေးရန် အချကိကို ထည့်သွင်းပြဌာန်းပေးရန်ဖတ်ကြားတင်ပြသည်။
ဥပဒေရေးဆွဲရေးကော်မတီဝင်တဦးဖြစ်သူ နိုင်အချဖုန် ကျာလုကျင်ဒါက ရှင်းလင်းပြောကြားရာတွင် “တကယ် လို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နိုင်ငံခြားသားအလုပ်သမားများကို အကာအကွယ်ပေးတဲ့ အချက်ကို ပြဌာန်းလိုက်ရင် အခြားနိုင်ငံခြားသားအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ဥပဒေတွေမှာလည်း ဒီအတိုင်းပဲ မသုံးမဖြစ် သုံးရတော့မယ်၊ အဲဒီအချက်တွေက ပြဿနာဖြစ်စေနိုင်တယ်၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေမှာဆို နိုင်ငံခြားသားတွေ ပိုင်ဆိုင်မှုက ၁၀၀ ရာခိုင်နှုန်းထိတောင် ပိုင်ဆိုင်သွားနိုင်တဲ့ အနေ အထားဖြစ်သွားမယ်၊ နောက်ပြီး နိုင်ငံခြားသားအလုပ်သမားတွေက ဘယ်အလုပ်ကိုမဆို လုပ်ကိုင်လို့ ရသွား နိုင်တယ်၊ အပိုဒ် (၅) ကတော့ ထိုင်းလူမျိုးတွေ အတွက်ပဲပြဌာန်းထားတာ၊ တကယ်လို့ အခြေခံဥပဒေမှာ နိုင်ငံခြားသားအလုပ်သမားတွေ အတွက်ပါ ပြဌာန်းပေးလိုက်ရင် တိုင်းပြည်ရဲ့လုံ ခြုံရေးကိုပါ ထိခိုက်နိုင်တယ်၊” ဟုရှင်းပြသည်။
ထို့နောက် အဖွဲ့ဝင်ဖြစ်သူ နိုင်ကျလင်ဖတ်ဒီထနားကုန်း ကလည်း “အပိုဒ် (၄) က လူသားတဦးဂုဏ်သရေရှိ စွာ ရပ်တည်နိုင်မှုကို ပြဌာန်းထားပြီးဖြစ်တယ်၊ အပိုဒ် (၅) ကတော့ အထူးသဖြင့် ထိုင်းလူမျိုးအတွက်ကို ပြဌာန်းပေးထားတာ၊ တကယ်လို့ နိုင်ငံခြားသားအလုပ်သမားတွေ အတွက်ကိုပါ ပြဌာန်းပေးလိုက်ရင် ထိုင်းနိုင်ငံက ကမ္ဘာပေါ်မှာ ပထမဦးဆုံးပြဌာန်းတဲ့ နိုင်ငံဖြစ်သွားမယ်၊” ဟု ပြောသည်။
ယင်းအဆိုပြုချက်အား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၆၃ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ၊ မဲမပေးသူ ၄ မဲဖြင့် အဆုံးသတ်သွားသည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ် (၄)တွင် “လူသားတဦးအဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်ရန်အတွက် လွတ်လပ်စွာ နေထိုင်ခွင့်၊ လွတ်လပ်စွာ ရပ်တည်ခွင့်ကို ကာကွယ်စောင့်ရှောက်မှု ပေးရမည်” ဟု ပြဌာန်းထားသည်။
အပိုဒ်(၅) တွင် “ထိုင်းလူမျိုးတဦးသည် မည့်သည်ဘာသာသာသနာကို ကိုးကွယ်သည်ဖြစ်စေ၊ ယောက်ျား မိန်းမဖြစ်စေ၊ မည်သည့်နေရာတွင် မွေးဖွားသည်ဖြစ်စေ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပြဌာန်းချက်များ အတိုင်း ကာကွယ်စောင့်ရှောက်မှုကို တန်းတူညီမျှ ခံစားစေရမည်” ဟု ပြဌာန်းထားသည်။
|