|
|
အန္တရာယ်ကင်းသည့်အထိ ဟတ်ကြီးရေကာတာတည်ဆောက်ရေးစီမံကိန်းမှ တိုင်းတာမှုများကို ရပ်နားထားမည်ဟုဆို
သြဂုတ်လ ၄၊ အေဂျင်စီသတင်းများ
သံလွင်မြစ်ပေါ်တွင် ဆည်ဆောက်၍ လျှပ်စစ်ဓါတ်အားထုတ်ယူမည့် အစီအစဉ်အား ယင်းဒေ သတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအတွက် အန္တရာယ်ကင်းဝေးမှသာ ဆောက်လုပ် ရေးလုပ်ငန်းအတွက် လျှပ်စစ်တိုင်းတာရေးလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်မည်ဖြစ် သည်ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုလိုက်သည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က ထိုင်းအမျိုးသား လျှပ်စစ်တိုင်းတာရေးအရာရှိ တဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ်ရှိ နိုင်ဆမန်ကန်ထမင်းကို အမည်မသိ လက်နက်ကိုင် အဖွဲ့တခုမှ လူ ၂ ဦးက ဆိုင်ကယ်ဖြင့် ၎င်းနေထိုင်သည့် အိမ်တန်းလျှားအတွင်းသို့ ဗုံးပစ် တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားခဲ့သည်။
ထိုင်းလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဖြစ်သူ နိုင်ပီယဆ၀တ် အမ်လနန်က “ဒီကိစ္စက နှစ်နိုင်ငံကြားဖြေရှင်းရမဲ့ ပြဿနာဖြစ်တယ်၊ အစိုးရ ကိုယ်တိုင်လည်း အဲဒီနေရာမှာသွားပြီး အလုပ်လုပ်နေတဲ့ သူတွေရဲ့ လုံခြုံရေးကို အစကတည်းက ထည့်တွက်ထားပါတယ်၊ ဟတ် ကြီးရေကာတာ ဆောက်လုပ်ရေးကနေ ထွက်ရှိလာမဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုတွေ နှောင်နှေးမယ်ဆိုရင် လာအိုက လျှပ်စစ်မီးနဲ့ အစားထိုးထားဖို့လည်း ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

လျှပ်စစ်စွမ်းအင်ဝန်ကြီးနိုင်ပီယဆ၀တ် အမ်လနန်
ယင်းသို့ ဟတ်ကြီးရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းတွင် သွားရောက်လုပ်ကိုင်နေသူ ထိုင်းလူမျိုးတဦး ဗုံးထိမှန်သေဆုံးသွားသည့် အတွက် တိုင်းတာ စမ်းသပ်မှုလုပ်ငန်းများအား အကန့်အသတ်မရှိ ရပ်နားထားမည်ဟုလည်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန အဓိပဓိ ဖြစ်သူ နိုင်ကိုင်ဆီကလုန်ဆုတ် ကပြောသည်။
၎င်းက “ဟတ်ကြီးရေကာတာဆောက်လုပ်ရေးနဲ့ သက်ဆိုင်တဲ့ စမ်းသပ်မှု တိုင်းတာရေး လုပ်ငန်းတွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားမယ်၊ လုပ်ငန်းခွင်တွင်းမှာသွားပြီး အလုပ် လုပ်နေတဲ့ အလုပ်သမားတွေရဲ့ အသက်ဘေးအန္တရာယ် ကင်းဝေးရေးကို အထူးဂရုစိုက် ရမယ်၊ ဒေသခံ ဘူမိဗေဒတိုင်းတာရေးသမားတွေနဲ့ အစားထိုးဖို့ မြန်မာအစိုးရနဲ့ တခါပြန်ပြီး ညှိနှိုင်းရမယ်၊ အန္တရာယ်ကင်းတဲ့ အခါကျမှ ဒီက လျှပ်စစ်စွမ်းအား ဌာနက ၀န်ထမ်းတွေကို သွားပြီး အလုပ်လုပ်ခိုင်းမယ်၊” ဟုပြောသည်။
မြန်မာအစိုးရပိုင်သတင်းစာဖြစ်သည့် ကြေးမုံသတင်းစာတွင် ကေအန်ယူမှ ပစ်ခတ်သော လက်နက်ကြီးဗုံးသီးတလုံး ကျရောက်ပေါက်ကွဲသဖြင့် နိုင်ဆမန်သေဆုံးသေဆုံးသွားရခြင်း ဖြစ်သည်ဟု ရေးသားထားသည်။
နိုင်ဆမန်မှာ ကမမောင်းမြို့မှ ၁၈ မိုင်အကွာတွင် တည်ရှိသည့် ရေအားလျှပ်စစ်ဓါတ်အား တိုင်းတာသူများ စခန်းချသည့် အိမ်တန်းလျားအတွင်း၊ စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၅၀ တွင် ကေ ၈၀ အမျိုးအစား ဗုံးအားပစ်သွင်းရာမှ ဗုံးစထိမှန် သေဆုံးသွားခြင်း ဖြစ်သည်။
ကေအန်ယူ အထွေထွေအတွင်းရေးမှူ ဖဒိုမန်းရှာက “အဲဒီဒေသကို ဘယ်လက်နက်ကိုင် အ ဖွဲ့မှ သွားလို့မရဘူး၊ ၀င်လို့ မရဘူး၊ မြန်မာစစ်တပ်က စစ်သားတွေနဲ့ ဒီကေဘီအေစစ်သား တွေ အပြည့်ချထားတယ်၊ နောက်ပြီး တပ်စိတ် (၁၀) ခုကိုလည်း အဲဒီနေရာမှာ ချထားတယ်၊ ဒီဘက်က ကေအန်ယူနဲ့ ဗမာအစိုးရကို တော်လှန်နေတဲ့ အဖွဲ့တွေကတော့ ၀င်ပြီးဗုံးပစ်မှာ မဟုတ်ဘူး” ဟု ဆိုသည်။
ဗုံးထိမှန်သေဆုံးသွားသူ နိုင်ဆမန် ကန်ထမင်မှာ ထိုင်းလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ရေအား လျှပ်စစ်တိုင်းတာရေးတွင် ကျွမ်းကျင်သူ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ရေကာတာဆောက်လုပ်စဉ်မှ ယ္ခုထိ ထိုင်းလူမျိုး ၂ ဦး သေဆုံးခဲ့သည်။
သေဆုံးသွားသူ၏ အလောင်းကို ဇာတိဖြစ်သည့် ဖဲမြို့သို့သယ်ဆောင်လာပြီး ရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ထိုင်းလူမျိုး ၄၂ ဦးလည်း ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။
ဟတ်ကြီးရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းအား လာမည့် ၅ နှစ်မှ ၆ နှစ်အတွင်း အပြီး သတ် ဆောက်လုပ်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။
|
|

December 2009 issue March 2010 special issue




|