|
အရက်ဝိုင်းတွင် စကားများရာတွင် ဖျန်ဖြေပေးသူအား အပြန်လမ်းမှ ချောင်းရိုက်ရာ နေရာ တွင် သေဆုံး
သြဂုတ်လ ၁၅ အောင်ကျော်စိုး
သြဂုတ်လ ၁၁ ရက် စနေနေ့ ည ၁၁ နာရီ ၂၀ ခန့်က ဖက်ကဆင် ၁၂၂ လမ်း အရက်ဝိုင်း တွင် အချင်းချင်း စကားများကြရာ ဖျန်ဖြေပေးသူအား အိမ်အပြန်လမ်းမှ ချောင်းရိုက်သဖြင့် နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ကိုမင်းသူ အသက် ၃၁ နှစ် ဖြစ်ပြီး မသေဆုံးမီက အိမ်နှင့် မလှမ်းမ ကမ်းရှိ YCA တိုက်ရှိ သူငယ်ချင်းများထံ သွား၍ အရက်သောက်ရာမှ အသက်သေဆုံး သွားသည့် အထိ ဖြစ်သွားရခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ မချိုဝေလွင်က ပြောသည်။
“သူက အေးအေးဆေးဆေးပဲ နေတတ်တယ်၊ ဘယ်သူနဲ့မှလည်း ရန်ငြိုးရန်စမရှိဘူး၊ လူတော်တော်များများက သူ့ကို ခင်တယ်၊ ကျမကတော့ သူတို့ကို တရားဥပဒေအရ ပဲ တုန့်ပြန်ချင်တယ်၊ ကူညီပါ၊ ဒီလူသတ်တဲ့သူကို ဖမ်းမိအောင်၊ သူက ရောဂါနဲ့ သေသွားတာ ဆို ဖြေသာသေးတယ်၊ အခုဟာက သူများက အငြိုးထားပြီး သတ်တာ၊ ကျမ ဒီလိုဖြစ် မယ်လို့မထင် မိခဲ့ဘူး” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မချိုဝေလွင်က ပြောသည်။
ကိုမင်းသူနှင့် အရက်ဝိုင်းတွင် အတူ အရက်သောက်ခဲ့သူ အခန်းပိုင်ရှင်က “အရက်ဝိုင်းမှာ သူတို့ တူအရီးချင်း (လူသတ်သွားသူ) စကားများတာကို အခုသေသွားတဲ့ ကိုမင်းသူက ဖျန်ပေးတာ၊ စကားများတဲ့ အချိန်မှာ အရက်ပုလင်း မှောက်မှာစိုးလို့ ပုလင်းကို လက်ပြန် ကိုင်ပြီး သူ့ဘက်ကို ဆွဲယူလိုက်တာကို ဟိုဘက်က တမျိုးထင်ပြီး မင်းက ငါတို့ကို ရိုက်ဖို့ လားလို့ မေးတယ်၊ အဲဒါကို ကိုမင်းသူက မဟုတ်ရဘူးလို့ ပြောတယ်၊ အဲဒီလောက်နဲ့ ပြီးသွားတယ်၊ ပြီးတော့ အရက် သောက်တဲ့ အခန်းကနေ လူစုခွဲလိုက်တယ်၊” ဟု ပြော သည်။
ကိုမင်းသူအား လူ ၂ ဦးက ရိုက်နေချိန်တွင် ၀င်ရောက် ဆွဲခဲ့သူ ကိုခိုင်ဇော်လင်းက “ဆွဲမယ့်သူ မရှိတော့ စိတ်ကြိုက်ကို ရိုက်နေတာ၊ သုံးနှစ် သစ်သားတုတ်ပိုင်းနဲ့ ရိုက်တာ၊ ဖြစ်တဲ့အချိန်က ကိုမင်းသူနဲ့ လာတာ နှစ်ယောက်၊ ကျန်ခဲ့တဲ့ တယောက်က ပြောတာ သတ်သွားတဲ့သူတွေက မင်းလားလူမိုက် လို့ပြောပြီးတော့ ရိုက်တာလို့ ပြောတယ်၊” ဟု ဆိုသည်။
လူသတ်သူများက တုတ်နှင့်ရိုက်သဖြင့် ကိုခိုင်ဇော်လင်း၏ လက်နှင့် နဖူးတွင်လည်း ဒဏ်ရာအနည်းငယ် ရရှိသွားသည်။ “သတ်သူက သူတို့လို့ (ကိုကျော်ကျော်၊ ကိုစိုးမိုး) သိလည်းဆိုတော့ ကျနော်က၀င်ဆွဲတာ ၀င်ဆွဲတော့ သူ့တုတ်အရင်းနဲ့ ကျနော်ကိုရိုက်တယ်၊ နောက်တော့ လုရင်းနဲ့ တုတ်လက်ထဲက လွတ်သွားတယ်၊ ကျနော်သူကို ကြည့်လိုက်တော့ သူတို့နှစ်ယောက်ဖြစ်နေတာ တွေ့ရတယ်။ တုတ်လွတ်သွားတော့ သူ့မှာ အားကိုးမရှိတော့ ထွက်ပြေးသွားတယ်၊ ပြီးတော့ ကိုမင်းသူကို ပွေ့လိုက်တာ သူ ကျနော့်လက်ပေါ်မှာပဲ သေသွားတယ်၊” ၎င်းက ဆက်ပြောသည်။
ကိုကျော်ကျော်နှင့် ကိုစိုးမိုးမှာ ထွက်ပြေးသွားပြီး ၎င်းတို့နှစ်ဦးစလုံးမှာ ယခင်က မဲဆောက် မယ်ပတွင် အလုပ် လုပ်ခဲ့ဘူး သည်ဟု သိရပြီး စက်ရုံတွင် လာရောက် အလုပ်လုပ်သည်မှာ မကြာသေးသည့် အတွက် လူသိနည်းသည်ဟု စက်ရုံရှိ မြန်မာအလုပ်သမားများက ပြောသည်။
ယခင်က ဖက်ကဆင် လမ်း ၁၂၀ လမ်း စက်ရုံတွင် မြန်မာပြည်သား အချင်းချင်း လူသတ်မှု ဖြစ်ပွားခဲ့ဘူးခြင်း မရှိဟု သိရပြီး ယ္ခုအမှုမှာ ပထမဆုံးဟုလည်း အလုပ်သမားများက ပြောဆိုနေကြသည်။
ထို့နည်း ဘန်ကောက်မြို့ ဘန့်ပကော့ လိုတပ်ကုန်တိုက် နောက်ဘက် ရတ်ဘူရနဆေးရုံအနီး ၀က်သားကင်ဆိုင်တွင် သြဂုတ်လ ၅ ရက်နေ့ တနင်္ဂနွေည ၁၂ နာရီခန့်က မြန်မာပြည်သားအချင်းချင်း အချင်းများရန်ဖြစ်ရာ အသက် ၄၀ အရွယ်ရှိ ကိုလှိုင်စိုး သေဆုံးသွားကြောင်း သိရသည်။
ထို့နည်းတူ ယခင်လကလည်း မဟာချိုင်းတွင် မြန်မာအလုပ်သမားတဦးက မြန်မာအမျိုး သမီးတဦးကို အတင်းအဓမ္မ ပြုကျင့် ၍ သတ်သွားခဲ့သည်။

ကိုမင်းသူအားသတ်သွားသူ ကိုကျော်ကျော်
|