|
|
|
လူသတ်ပစ္စည်းယူဆောင်သူ မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ချမှတ်
သြဂုတ်လ ၃၁၊ အောင်ကျော်စိုး
၂၀၀၆ ခုနှစ် ဂျူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဘန်ကောက်မြို့၊ လမ်အင်ထရာလတ်လမ်း၊ ဘန်ခင်မြို့နယ်၊ အိမ်အမှတ် ၂၉ ရှိ အငြိမ်းစာရဲဗိုလ်ကြီးတဦး၊ သူနာပြုဆရာမတဦး၊ အိမ်ဖေါ် အမျိုးသမီးတဦး စုစုပေါင်းသုံးဦးကို သတ်ဖြတ်လိုက်သည့် မြန်မာနိုင်ငံသားနှစ်ဦးကို ဘန်ကောက်မြို့လချဒါဖိစေတွင်တည်ရှိသည် မှုခင်းတရားရုံးက ယမန်နေ့က သေဒဏ် ချမှတ်လိုက်သည်။
ယင်းအမှုကို ယမန်နေ့ နနံက် ၀၉.၃၀ တွင် ကြားနာစစ်ဆေးခဲ့ပြီးနောက် ပြစ်မှုထင်ရှားသ ဖြင့် တရားခံဖြစ်သူ အန် (ခေါ်) မထွေးထွေး (၂၀) နှစ်၊ နိုင်ချိုင်း (ခေါ်) စောလာကာဘား (၂၆) နှစ်တို့ နှစ်ဦးကို သေဒဏ်စီရင် ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။

နိုင်ချိုင်း (ခေါ်) စောလာကာဘားနှင့် အန် (ခေါ်) မထွေးထွေး အားတွေ့ရစဉ်
တရားခံနှစ်ဦးက လူတဘက်သားအား ကြိုတင်ကြံစည်၍သတ်ဖြတ်ခြင်း၊ ပစ္စည်းလုယက် ခြင်း စသည့်တို့တွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။
တရားခံနှစ်ဦးက ထိုင်းအမျိုးသမီး နှစ်ဦးဖြစ်သူ နန်းဝါဆနာနာဝါထောင် (၃၅) နှစ်အား သတ်၍ ငွေဘတ် ၁၃,၀၀၀ ကိုလည်းကောင်း၊ နန်ဖတ်ဖုန် အသက် ၄၄ နှစ်အား ကိုသတ်ဖြတ်၍ ငွေဘတ် ၂၃,၀၀၀ ကိုလည်းကောင်း၊ ပြီးနောက် အငြိမ်းစားရဲဗိုလ် ခွန်အနုလတ်ဆင်ဆုဝန် အသက် ၈၀ နှစ် ကိုသတ်၍ လက်ကိုင်ဖုန်း၊ ရွှေဆွဲကြိုး၊ လက်စွပ်၊ ဘုရားရုပ်တုအပါအ၀င် စုစုပေါင်းတန်ဖိုး ဘတ်ငွေ ၇၂,၉၀၀ ကိုယူဆောင် သွားခဲ့သည်။
တရားရုံး၏ စီရင်ချက်တွင် မထွေးထွေးက စောလာကာဘားကို ခေါ်ဆောင်၍ အိမ်တွင်းရှိ လူများကို သတ်ခိုင်းခြင်းဖြစ်ပြီး၊ ထို့သို့ ပြစ်မှုကျူးလွန်ပြီးနောက် သီးသန့်အိမ်ယာမှ ထွက်ခွာ သွားရာတွင် အစောင့်ဖြစ်သူက ယင်းတို့ သတိထားမိသည်ဟု ဆိုသည်။ ယင်းတို့နှစ်ဦး သီးသန့်အိမ်ယာမှ မထွက်ခွာမီတွင် ပြင်းထန်သော ဝေဒနာကို ခံစားရသဖြင့် အော်ဟစ်၍ အကူအညီတောင်းခံသည့် အသံကို ကြားခဲ့ရသည်ဟုလည်း ဆိုသည်။ ၎င်းတို့သွားရောက် ရောင်းချသည့် ရွှေဆိုင်မှ သက်သေအထောက်အထား၊ အမှုကျူးလွန်သည့်နေရာတွင်
ကျန် နေခဲ့သည့် လက်ဗွေရာများကို စစ်ဆေးတွေ့ရှိချက်များကို ထောက်ရှုသော် တရားခံနှစ်ဦးမှာ ပြစ်မှုကျူးလွန်သည်မှာ ထင်ရှားသည်ဟု ပါရှိသည်။ တရားလိုများမှာ ယခင်က တရားခံ နှစ်ဦး နှင့် အချင်းများခဲ့ဖူးခြင်း မရှိဘဲ နှစ်ဘက် သက်သေအထောက်အထားများကို ဆက်စပ်၍ ကြည့်ရလျှင် မထွေးထွေးနှင့် စောလာကာဘားတို့ နှစ်ဦးမှာ ပြစ်မှုထင်ရှား သည်ဟု တရားရုံးက ဆုံးဖြတ်သည်။
အမှုတွင် မျက်မြင်သက်သေ မရှိသော်လည်း တာဝန်ရှိသူများက သိမ်းဆည်းထားသော သက်သေခံပစ္စည်း၊ သိပ္ပံနည်းကျ စစ်ဆေးချက်မှ ထွက်ပေါ်လာသည့်ရလဒ်များ စသည့် အချက်များကို ထောက်ရှု၍လည်းကောင်း၊ သေဆုံးသွားသူများမှ အမျိုးသမီးနှင့် အသက် ကြီးရင့်သူများဖြစ်ခြင်း၊ တရားခံများက ပြစ်မှုကျူးလွန်ရာတွင် နာရီပေါင်းများစွာ အချိန်ယူ၍ သွေးအေးအေးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ သေဆုံးသွားသူများမှာ ခုခံကာကွယ် နိုင်ခြင်းမရှိခြင်း စသည့်အချက်များသည် တရားခံများသည် ကြီးမားသောအမှားတခုကို ကျူးလွန်မိခြင်း ဖြစ်သည်ဟု တရားရုံး၏ စီရင်ချက်တွင် ပါရှိသည်။
၎င်းတို့ယူဆောင်သွားခဲ့သည့် ဆွဲကြိုး၊ လက်စွပ်၊ လက်ကိုင်ဖုန်း၊ ဘုရားရုပ်တုများအား ပြန်၍ပေးစေသည်။ မကယ်၍ ယင်းပစ္စည်းများကို ပြန်မပေးနိုင်ပါက ဘတ်ငွေ ၃၁,၂၀၀ ကို ပေးရမည် ဖြစ်သည်။

ရဲဗိုလ်မှူးကြီးပုတ်ကန်ဆင်ဆုဝန်
သားဖြစ်သူ ရဲဗိုလ်မှူးကြီးပုတ်ကန်ဆင်ဆုဝန်က “သူက ဒီအမှု တခုတည်းကို ကျူးလွန်တာ ကို ကျနော်မယုံကြည်နိုင်ဘူး၊ နောက်အမှုတွေကိုလည်း သူကျူးလွန်ဦးမှာဘဲ၊ နိုင်ငံခြားသား အလုပ်သမားတွေကို ငှားရမ်းခိုင်းစေနေတဲ့အိမ်ရှင်တွေကို သတိပေးချင်ပါတယ်၊ ကိုယ့်အိမ် မှာလာပြီး အလုပ်လုပ်နေတဲ့ လူတွေရဲ့ လက်ဗွေတွေ၊ နောက်ကြောင်းရာဇ၀င်တွေကို မေး မြန်းထားပါ၊”ဟု ပြောသည်။ ၎င်းအနေဖြင့် တရားရုံးက ဆုံးဖြတ်ချက်မှာ တရားမျှတသည်
ဟုလည်း သတင်းထောက်များကို ပြောဆိုသွားသည်။
ရွှေ့ပြောင်းကရင်အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးဖြစ်သူ ကိုသန်းဇော်က “သေဒဏ်ဆိုတာ ကတော့ ပြင်းလွန်းတယ်ဗျာ၊ ဒီဖြစ်စဉ်တခုကို သေသေချာချာ မသိတော့လည်း ဝေဖန်ရတာ ခက်တယ်၊” ဟုပြောသည်။
ဘန်ကောက်ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံ ကိုကျော်သောင်းက “တရားဥပဒေက လူမျိုးမရွေး၊ဘာသာမရွေး မခွဲခြားဘဲ စီရင်တယ် ဥပဒေကြောင်းအရ တရားမျှတစွာ စီရင် တယ်ဆိုရင်တော့ တရားပါတယ်၊ လူတယောက်ကိုသတ်ရင် သတ်တဲ့ပြစ်ဒဏ်ကို ခံရမယ်၊ ခိုးရင်ခိုးတဲ့ပြစ်ဒဏ်ကိုခံရမယ်၊ ဗမာတယောက်ဖြစ်တဲ့အဖြစ် အချင်းချင်းသနားမိပေမယ့် ဥပဒေကြောင်းအရ စီရင်တယ်ဆိုရင်တော့ တရားပါတယ်၊” ဟုပြောသည်။
တရားရုံးက သေဒဏ်ချမှတ်ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား အသိုင်းအ၀ိုင်းက ၎င်းပြစ်ဒဏ်မှာ ပြင်းထန်လွန်းသည်ဟု ဝေဖန်ပြောဆိုနေကြသည်။
|
|

December 2009 issue March 2010 special issue




|