|
|
ပန်းတိုင်းရောက်စေ အိမ်မက်လှ
နော်လီမိုင်း၊ (27.09.203) စနေနေ့
မျှော်လင့်ချက်တွေ တပွေ့ကြီးနဲ့
စိတ်ကူးအကောင်အထည်ဖေါ်ဖို့
အိမ်မက်လှေကိုလှော်
အန္တရာယ်တွေ ကျော်လွှားလို့
တိုင်းခြားရပ်မြေ ရောက်နေပြီလေ။
ထိုင်းနိုင်ငံ အ၀င်လမ်းခရီးမှာ
ပင်လယ်ပြင်အတွက် ငါးစာဖြစ်ရသူလဲရှိရဲ့။
တောလမ်းခရီးက ချေလျင်လျှောက်
အရှက်ပျောက် အသက်ပျောက်သူလဲ ရှိရဲ့။
ကယ်ရီရဲ့ကား ကော်ဖီထုပ်ကြားမှာ
အသက်နဲ့ခန္ဓာ ကွာရသူလဲ ရှိရဲ့။
တချို့တွေက အသက်ပေးကြရ
တချို့တွေက အရှက်ပေးကြရ
ချွေး သွေး မာန်မာနတွေ ပေးပြီးမှ
ရတဲ့ ဒီလုပ်အားငွေ
ကျနော့် ညီအစ်ကိုတွေက
စိတ်ခဏတာပျော်ဖို့အရေး
ကာရာအိုကေ သွားမလို့လား
ဘ၀အမောတွေ ပျောက်စေဖို့
ဘီယာတွေ သောက်ကြမလို့လား။
ထိုင်းစရိုက်ကို အရသာတွေ့
ဆွေမေ့ မျိုးမေ့ ဘ၀မေ့ထားတော့မလို့လား။
လောဘတွေ အဆတပြန်တိုး
ချဲထီတွေပဲ ထိုးနေကြတော့မလား။
မိတ်ကပ်၊ ဒေါက်ဖိနပ်နဲ့ စကပ်ကွဲဝယ်
ညီမငယ်က အလှချယ်မလို့လား။
ဉာဏ်နီ ဉာဏ်နက်နဲ့ ကြီးပွားဖို့အရေး
တိုင်းခြားလူ ယူဖို့တွေးနေသလား။
ဘ၀ပန်းတိုင်စိတ်မှာခိုင်စေ
အတွေးမကွေ့ ဘ၀မမေ့နဲ့
အမိ၊ အဖ၊ ညီ ညီမတို့
ကြင်သူ သက်ထား ငယ်ပေါင်းများက
ဒို့များပြန်အလာ မျှော်ရော့မည်။
ဘ၀နုပျို နေမညိုခင်
အိမ်အပြန်လှဖို့ စရိုက်ဆိုးတွေ ပြင်ကြစို့။
သာယာစိုပြေ အမိမြေကို
အသစ်ပြန်ဆောက် မျိုးမာန်မြှောက်ဖို့
နားမျက်စေ့ဖွင့် မျိုးဂုဏ်မြင့်ကြ
နိုးကြားထကြွ အလုပ်လုပ်ကြ
လုပ်အားအလှ စိတ်အလှတို့
ပေါင်းစုတူပြိုင် တူညီလျှင်
အိမ်မက်ပန်းတိုင် ရောက်ရမည်။
အမိမြေချစ်တတ်သူများသို့
|
|

December 2009 issue March 2010 special issue




|